မိတ္ထီလာမြို့၌ မဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဧပြီ ၁၈

မိတ္ထီလာမြို့၌  ၂ဝ၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်  ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ညနေ ၅ နာရီခွဲက မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းအနီးရှိ ဗဟိုရေကစားမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအဆိုပါ ယိမ်းအကပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ဆက်လက်ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမဆုရ  အောင်ဆန်းရပ်ကွက်အသင်းအား ဆုငွေကျပ် ၇ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက လည်းကောင်း၊  ဒုတိယဆုရ ရန်မျိုးအောင်ရပ်ကွက်အသင်းအား ဆုငွေကျပ် ၅ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ဇနီး ဒေါက်တာစောမြင့်ထူးက လည်းကောင်း၊ တတိယဆုရ နန်းတော်ကုန်းရပ်ကွက် အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဇေယျက လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ သင်္ကြန်ယိမ်းအကပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျန်ရှိသည့်အသင်း ၁ဝ သင်းအား ဂုဏ်ပြုဆုငွေ ၂ သိန်းကျပ်စီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဒိုင်အဖွဲ့ဝင်များနှင့် အခမ်းအနားမှူးအဖြစ် ကူညီဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုဆုငွေ ၅ သောင်းကျပ်စီတို့ကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော သင်္ကြန်ယိမ်းအက အသင်းများက   ပြန်လည်ကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။

ချမ်းသာ