ကော့မှူး၌ အသက်(၉၀)နှစ်အထက် အဘိုးအဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပ

ကော့မှူး ဧပြီ ၁၈

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် သက်ကြီးပူဇော်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ သက်ကြီးဘိုးဘွားများအား ဩကာသကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက  သက်ကြီးဘိုးဘွား ၃၅ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှင့် ကန်တော့ခံပစ္စည်းများ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြပြီး အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပူဇော်ကန်တော့ပွဲသို့ မလာရောက်နိုင်သည့် အဘိုးအဘွားများအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ကျင်းပသော ၁၃၈၅ ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မြို့နယ်လုံးကျွတ်အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲတွင် ဆရာတော်သံဃာတော်များမှ မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်ရန်အသွယ်သွယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဒေဝနှင့်တာဝန်ရှိသူများက ပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဆရာတော်သံဃာတော်များအား ဝတ္ထုငွေများဆက်ကပ် လှူဒါန်းခဲ့ကြ‌ကြောင်း သိရသည်။

ကျော်သူရ