ဆိပ်ကြီးခနောင်တို ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကို ယမန်နေ့ညနေ ၄ နာရီက ဆိပ်ကြီးအရှေ့ရပ်ကွက်၊ ရွှေရန်ကုန်စက်တပ်ရေယာဉ်(သမ္ဗန်)ဂိတ် ခနောင်တိုချောင်းကမ်းနားတွင် ပြုလုပ်ခဲ့သည်။
ငါးလွှတ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ငါးမျိုးစုံအကောင်ရေ(၅၀၀၀)အား ခနောင်တိုချောင်းအတွင်းသို့ ဇီဝိတဒါနအဖြစ် ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။
အလားတူ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင်လည်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်း၊ စတုဒိသာမုန့်များကျွေးမွေးလှူဒါန်းခြင်းစသည့် ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဝေယံ (IPRD)