မိတ္ထီလာ ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ယမန်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့နံနက်ပိုင်းက ခရိုင်၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့တို့ မှကြီးမှူးကျင်းပသော အသက် ၉ဝ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားနှင့် ဇီဝိတဒါငါးလွှတ်ပွဲတော်ကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အသက် ၉ဝ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို သီရိမင်္ဂလာရပ်ကွက် ထီးသုံးဆင့်၊ ရွှေမြင်မိ၊လေးမျက်နှာ ဘုရားဝန်းအတွင်းရှိ အောင်မင်္ဂလာခန်းမကျင်းပပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲသို့ တက်ရောက်လာကြသော အသက် ၉ဝ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက ကြိုဆို၍ အာဟာရများ လှူဒါန်းကျွေးမွေးသည်။
ထို့နောက် သက်ကြီးဘိုးဘွားများအား ဩကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခြင်း၊ ပူဇော်ကန်တော့ပွဲတက်ရောက်လာကြသော သက်ကြီးဘိုးဘွား တစ်ဦးစီအားအတွက် ပူဇော်ကန်တော့ငွေငါးသောင်းကျပ်စီကို မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ ဘဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်ဇနီး ဒေါက်တာစောမြင့်ထူး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လက်ရောက်ပေးအပ်ကန်တော့ကြသည်။ ယခုနှစ်သက်ကြီးပူဇော်ပွဲသို့ တက်ရောက်သူ ဘိုးဘွား ၂၄ ဦးအပါအဝင် မြို့နယ်အတွင်းရှိ အသက် ၉ဝ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၂၁၆ ဦးအား တစ်ဦးလျှင် ပူဇော်ကန်တော့ငွေ ငါးသောင်းကျပ်နှုန်း ကန်တော့ပူဇော်ကြောင်းသိရသည်။ ဆက်လက်၍ နံနက် ၉ နာရီ ၃ဝ မိနစ် အချိန်တွင် မိုးကောင်းအန္တကူရေလယ်ဘုရားနှင့် အထက (၁) ပတ်လမ်းအနီး မိတ္ထီလာကန်စပ်တွင် ခရိုင်၊ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်မြို့မိမြို့ဖများ ပူးပေါင်းဆောင်ရွက်သော ဇီဝိတဒါနငါးလွှတ်ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ မိတ္ထီလာကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေငါးသောင်းကောင်ကို တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဇီဝိတဒါန လွှတ်ပေးခဲ့ကြောင်းသိရသည်။
ချမ်းသာ