ငါန်းဇွန်မြို့၌ (၄၀)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ငါန်းဇွန် ဧပြီ ၁၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ ရွှေရပ်သာမြတ်စွာဘုရားဝန်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်းတော်ကြီး၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ်ကျင်းပသော အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲကို ယမန်နေ့ ည ၇နာရီက  (၄၀) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရတနာပုံကျောင်းတိုက်မှ ဘဒ္ဒန္တအိန္ဒောဘာသက ရောင်ခြည်တော်ဖွင့်ဘုရားရှိခိုးဂါထာတော် ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများသည် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနရပတိထံ သီလခံယူဆောက်တည်ကြပြီး နာယကဆရာတော်(၄)ပါးနှင့် ဘာဏက ဆရာတော်(၄၂)ပါးတို့က နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ငါးရံ့မင်းပရိတ်တော် သံပြိုင်(၇) ခေါက်နှင့် ပဋ္ဌာန်းအမွမ်း ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ အလှည့်ကျဆရာတော်များက (၄၀) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲကို ၂၀၂၃ ခုနှစ် ဧပြီ ၁၇ရက် (မြန်မာနှစ်ဆန်း(၁)ရက်)နေ့မှ စ၍ (၁၁)ရက်တိုင်တိုင် အသံမစဲ အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)