ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်များတွင် လမ်းအလိုက်စုပေါင်းကာ သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်များရွတ်ဖတ်ပူဇော်

ကျောက်ပန်းတောင်း ဧပြီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ယမန်နေ့ ညနေ(၆)နာရီတွင် ရပ်ကွက်များတွင် လမ်းအလိုက် ရပ်ကွက်နေမိသားစုများ စုပေါင်းကာ သံဃာတော်များပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်နာယူကြကြောင်းသိရသည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာဖြစ်သည့် မြန်မာသက္ကရာဇ်ကူးပြောင်းသည့်နေ့တွင် အိမ်များအလိုက် သော်လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ လမ်းများအလိုက် စုပေါင်း၍သော်လည်းကောင်း သံဃာတော် အရှင်သူမြတ်များအား ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်နာယူခြင်းများ ပြုလုပ်ကြကြောင်းသိရသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အတွက် နေ့ကြီး/ရက်ကြီးတစ်ခုအဖြစ်သဘောထားကာ အလှူတန်းများ ပြုလုပ်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းများ၊ စတုဒိသာကျွေးမွေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ခြင်း၊ တစ်ကိုယ်ရေးသန့်ရှင်းရေးဖြစ်သည့် ခေါင်းဆေးမင်္ဂလာပြုခြင်းများနှင့် ယခုကဲ့သို့ အန္တရာယ်ကင်းပရိတ်ရွတ် ဖတ်ခြင်းများကို ဆောင်ရွက်ကြလေ့ရှိရာ၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများနှင့်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအကြီးအကဲများ၊ ရပ်မိရပ်ဖများကဦးဆောင်၍ ပြုလုပ်လေ့ရှိကြပြီး၊ အန္တရာယ်ကင်း ပရိတ်ရွတ် ဖတ်ပူဇော်မှုအပြီးတွင် ရပ်ကွက်သူရပ်ကွက်သားများက ပရိတ်သဲ/ခဲနှင့်ပရိတ်ရေများကို အိမ်/လမ်းအစရှိသည့် နေရာများတွင် ကြဲပက်၍ နိုင်ငံ၊ မြို့/ရွာတို့တွင် အေးချမ်းသာယာ၍ ဘေးအန္တရာယ်ကင်းရှင်းစေကြောင်း ဆုတောင်း မေတ္တာများပို့သကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် ယခင်နှစ်များက မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြို့လုံးကျွတ် ဆွမ်းဆန်တော် လောင်းလှူပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသော်လည်း၊ ကိုဗစ်-၁၉ ကူးဆက်ကပ်ရောဂါဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှ စတင်၍ သင်္ကြန်ပွဲတော်ကျင်းပနိုင်ခြင်းမရှိခဲ့သလို မြို့လုံကျွတ်ဆွမ်းဆန်တော် လောင်းလှူမှုကိုလည်း ပြုလုပ်နိုင်ခြင်းမရှိခဲ့ရာ၊ ယခုနှစ်တွင် မဟာသင်္ကြန်ပွဲတော်ကို ပြန်လည်ကျင်းပနိုင်ခဲ့သော်လည်း မြို့လုံးကျွတ် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)