ရွှေပြည်သာ အောက်တိုဘာ ၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲလုံခြုံရေးဆောင်ရွက်မည့် အထူးရဲ သင်တန်း ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မြို့ဦးစေတီသာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဉာဏ်လင်းနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲများအနေဖြင့် မဲဆန္ဒရှင်ပြည်သူများလုံခြုံမှုရှိစေရန် ကာကွယ်ပေးရမှာ ဖြစ်ကြောင်းနှင့် ပြည်သူများက အားကိုး လေးစားသည့် အထူးရဲများဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ကြစေရန်တို့ကိုပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များနှင့်ပတ်သက်၍ သင်တန်းစည်းမျဉ်းစည်းကမ်းများ၊သင်တန်းမှပို့ချသည့် ဘာသာရပ်များအား လေ့လာမှတ်သားကြရန်၊ ရဲကျင့်ဝတ်များနှင့်အညီ လိုက်နာကြရန်၊ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသိရှိစေရန်နှင့် ကျန်းမာရေးနှင့်အညီနေထိုင်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထူးရဲသင်တန်းသားများ တက်ရောက် ကြရာ သင်တန်းကာလမှာ အောက်တိုဘာ(၁)ရက်နေ့မှ(၂၈)ရက် နေ့ထိဖြစ်ပြီး သင်တန်းသား များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွန်ချက်များ နှင့်အညီ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အေးအေးမိုး (ပြန်/ဆက်)