ဒဂုံတောင် ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ထားသော အန္တရာယ်ကင်းပရိတ်တရားတော်ရေများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက်၊ မွန်းလွဲ ၂:၃၀ နာရီက မြို့နယ်မီးသတ်စခန်းမှ မြို့နယ်အတွင်း ဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံပက်ဖျန်းပေးကြောင်း သတင်းရရှိသည်။
ထိုသို့ပက်ဖျန်းပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်စီစဉ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များဖြင့် မြို့နယ်အတွင်းလမ်းမကြီးများတွင် ဘေးအန္တရာယ်ကင်းဝေးစေရေး ပရိတ်တရားတော်ရေများ လိုက်လံပက်ဖျန်းပေးကြသည်။
ထို့ပြင် မြို့နယ်မီးသတ်ဦးစီးဌာနသည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြောင်းရာတွင် သန့်ရှင်းစင်ကြယ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်နေကြ ဓလေ့ထုံးတမ်းအစဉ်အလာများအဖြစ် မီးသတ်ယာဉ်နှင့်စက်များ ဆေးကြောသန့်စင်ခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
သန်းသန်းအေး