ရန်ကုန် ဧပြီ ၁၈
ရွှေတိဂုံစေတီတော် ရက္ခိုင်မောင်မယ်တံမြက်စည်းလှည်းအသင်း၏ (၂၉)ကြိမ်မြောက် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အာဇာနည်းလမ်း၊ ရွှေတိဂုံစေတီတော်အရှေ့မုခ်ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားကို ရခိုင်မောင်မယ်အသင်း၏ ရခိုင်မင်္ဂလာစည်တော်ဖြင့်ဖွင့်လှစ်ပြီး အဖိုး၊ အဖွားများအား အမွှေးနံ့သာများဖြင့် ပက်ဖြန်းပူဇော်ကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ရက္ခိုင်မောင်မယ်တံမြက်စည်းလှည်းအသင်း၏ နာယကဦးကျော်မောင်ရေးစပ်ထားသော သက်ကြီးပူစာ မင်္ဂလာသီးချင်းဖြင့် မောင်မယ်များက ဂုဏ်ပြုပူဇော်ကြပြီး ရွှေတိဂုံစေတီတော်ရက္ခိုင်မောင်မယ်တံမြက်စည်းလှည်းအသင်း၏ အမှုဆောင်နာယက ဦးသိန်းထွန်းရွှေက အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက်နိုင်ငံတော် ရွှေတံဆိပ်ဆုရှင်တေးသံရှင်ကို ဇေယျာအောင်စိုးမိုးက ဓမ္မတေးဖြင့်ပူဇော်ပြီး ရွှေတိဂုံစေတီတော်ရက္ခိုင်မောင်မယ်တံမြက်စည်းလှည်းအသင်းဥက္ကဋ္ဌ ဦးကြည်သာမင်းက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ရက္ခိုင်မောင်မယ်တံမြက်စည်းလှည်းအသင်း အမှုဆောင်နာယက ဒေါ်သန်းသန်းဝေက ဗုဒ္ဓပူဇနိယ တေးသီးချင်းသီးဆိုပြီး ဘဏ္ဍာရေးမှူးဟောင်း မချိုနွယ်ဝင်းက အကဖြင့်ဖျော်ဖြေကြသည်။
ယင်းနောက်ရွှေတိဂုံစေတီတော်ရက္ခိုင်မောင်မယ်အသင်း(ဒုတိယဥက္ကဋ္ဌ)၊သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်သီသီဆွေကသက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး ရွှေတိဂုံစေတီတော်ရက္ခိုင်မောင်မယ်အသင်း၏ နာယကဦးခင်မောင်သန်းက ကန်တော့ချိုးကို တိုင်ပေးကာအဖိုးအဖွားများအား ပူဇော်ကန်တော့ကြသည်။
ဆက်လက်၍ အဖိုးအဖွားများကိုယ်စား အဖိုးဦးလှကျော်အောင်က ဂုဏ်ပြုစကားပြောကြားပြီး သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက၊ ကန်တော့ငွေ၊ ကန်တော့ပစ္စည်းများကို ပေးအပ်ကြသည်။
ယင်းနောက်အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီး၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)