ကွန်ဟိန်းမြို့၌ မြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်)ထုတ်ပြန်ကြေညာ

ကွန်ဟိန်း အောက်တိုဘာ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌  ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်) အဖြစ် ကပ်ထား ကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်ပြီး  အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားမည်ဖြစ်ပါသည်။ယင်းသို့ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့်အမည်ထည့်သွင်းရန် တောင်းဆိုခြင်း ၊ မဲစာရင်းတွင်မပါဝင်သင့် သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း၊လျှောက်ထားလာသူများ ရှိပါက ပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မဲဆန္ဒရှင်များမှ လိုအပ်သည့် ပြင်ဆင်မှု၊တောင်းဆိုမှု၊ကန့်ကွက်မှုများကို ကြေညာပြီးသည့်နေ့မှ ၁၄ ရက်အတွင်း ဆောင်ရွက်နိုင်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးမဲစာရင်း လာရောက်ကြည့်ရှုကြရန် သက်ဆိုင်ရာ ရက်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင််အဖွဲ့ခွဲရုံးများမှ နှိုးဆော်ထားကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)