သထုံမြို့နယ်၊ ဂေါ့ကျေးရွာ ရွာကြီးပိုင်း၌ နှစ်သစ်ကူးအထိမ်းအမှတ် သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပပြုလုပ်

သထုံ        ဧပြီ          ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ရွာကြီးပိုင်းရှိ လူငယ်လူရွယ်များပူးပေါင်းကာ နှစ်သစ်ကူးအထိမ်းအမှတ် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ခြင်းတို့ကို ယမန်နေ့(မြန်မာနှစ်ဆန်းတစ်ရက်နေ့) မွန်းလွဲပိုင်းက ဂေါ့ရွာကြီးပိုင်း ရွာပိုင်အဘိုးနတ်နန်း၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ယာရောက် လိုက်လံကြိုဆိုကြပြီး လူငယ်များက ခြေသည်းလက်သည်းများနှင့် ကိုယ်လက်သန့်စင်ပေးခြင်း၊ အမွှေးနံ့သာရည်များပက်ဖြန်းပေးခြင်း၊ အာဟာရများဖြင့် ကျွေးမွေးပြုစုခြင်းတို့ကို မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ ဘိုးဘွားတို့အား အပူဇော်ခံမဏ္ဍပ်၌ စနစ်တကျနေရာချထားကာ ဂေါ့ကျေးရွာအတွင်းရှိ လူငယ်၊ လူရွယ်၊ လူလတ်တို့က ကန်တော့ချိုးဖြင့် ဝန်ချတောင်းပန်ပူဇော်ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများ၊ အလှူငွေများကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းကြရာ ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုံးမဩဝါဒစကားပြောကြား၍ ဆုမွန်ကောင်းများပေးခဲ့ကြသည်။

ဂေါ့ကျေးရွာ ရွာကြီးပိုင်းတွင် အဆိုပါသက်ကြီးဘိုးဘွားပူဇော်ပွဲကို နှစ်စဉ်မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ရပ်မိရပ်ဖများ ဦးဆောင်ပြုလုပ်မြဲဖြစ်ပြီး ယခုနှစ် သက်ကြီးပူဇော်ပွဲတွင် အသက်(၇၅)နှင့်အထက် သက်ကြီးဘိုးဘွား(၄၀)ဦးတို့အား အလှူငွေများအပါအဝင် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)