မြင်းခြံ ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ယမန်နေ့နံနက် (၉) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး သက်ကြီးဘိုးဘွားများအား ဩကာသ ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။ ထို့နောက် သက်ကြီးဘိုးဘွားများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လှူဒါန်းငွေများနှင့် ကန်တော့ပစ္စည်းများ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။
လှူဒါန်းမှုအပြီးတွင် သက်ကြီးဘိုးဘွားများ ကိုယ်စား အမှတ်(၁၄) ရပ်ကွက်မှ အဘိုးဦးခင်လှိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ မြင်းခြံမြို့တွင် ရပ်ကွက်ပေါင်း (၂၀)မှ အဘိုး (၂၃) ဦး၊ အဘွား (၁၀၄) ဦးအား လှူဒါန်းပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး သက်ကြီးဘိုးဘွားများအား လက်သည်းခြေသည်းများလည်း ညှပ်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)