ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပ

ဒဂုံအရှေ့ ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့အချိန် မြန်မာတို့၏ဓလေ့ရိုးရာအရ နှစ်သစ်ကုသိုလ်ကောင်းမှုများပြုကြရာတွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို ယမန်နေ့မွန်းတည့်ချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ၊ သက်ကြီးဘိုးဘွားများနှင့်ဖိတ်ကြားထားသောဧည့်သည်များတက်ရောက်ခဲ့ပြီး မြို့နယ်သံဃာ့နာယကဆရာတော်များထံမှ ငါးပါးသီလနှင့် သရဏဂုံခံယူဆောက်တည်ခြင်း၊ နှစ်သစ်ဩဝါဒါနှင့် အနုမောဒနာတရားခံယူကြပြီး ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းတရားတော်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ယင်းနောက်ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်ခဲ့ပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့အတွင်းရှိ အသက်(၉၅)နှစ်အထက် သက်ကြီးဘိုးဘွားစုစုပေါင်း(၃၈)ဦးအား တစ်ဦးလျှင်(၆၀၀၀၀)ကျပ်ဖြင့် ပူဇော်ကန်တော့ခဲ့သည်။

အဆိုပါနှစ်သစ်ကုသိုလ်ကောင်းမှုများပြုကြရာတွင် သက်ကြီးဘိုးဘွားများအား ခေါင်းဆေးမင်္ဂလာပြုခြင်း၊ ခြေသည်း၊ လက်သည်းများသုတ်သင်ပေးခြင်း၊ ဘိုးဘွားကန်တော့ခြင်း၊ ငါးလွှတ်ပွဲများပြုလုပ်ခြင်း၊ အလှူဒါနပြုကြခြင်း၊ ရပ်ကွက်၊ ကျေးရွာ၊ လမ်းစုံလမ်းခွများ၊ နေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ ဌာနအဖွဲ့အစည်းရုံးများတွင် ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ခြင်းများ ပြုလုပ်လျက်ရှိကြသည်။

ဇွဲမင်းထက်(ပြန်/ဆက်)