မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား (ပြည်ချစ်ဘုရား)ကို လာရောက်ဖူးမြှော်သူများပြား

ပြင်ဦးလွင် ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား (ပြည်ချစ်ဘုရား) လာရောက်ဖူးမျှော်သူများပြားခဲ့ကြောင်း သိရသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား (ပြည်ချစ်ဘုရား)ကို ပြင်ဦးလွင်မြို့နေ ပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြှော်သူ ဘုရားဖူးပြည်သူများ ယမန်နှစ်များထက်များပြားခဲ့ပြီး ကုသိုလ်ကောင်းမှုပြုသူများ၊ နှစ်ဦးအလှူကုသိုလ်အဖြစ် ပန်းဆီမီးနှင့်ရေချမ်းများ ကပ်လှူပူဇော်ခြင်း တရားဘာဝနာပွါးများခြင်း၊ စတုဒိသာအလှူပြုလုပ်သူများ၊ ကုသိုလ်ပြု ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူသူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ လားရှိုးမြို့သို့ အသွားလမ်းပေါ်၊ ရေငယ်ကျေးရွာအလွန်၊ ဓမ္မရတီကုန်းမြင့်နေရာပေါ်တွင် ကြည်ညိုသပ္ပါယ်ဖွယ် တည်ရှိပါသည်။ ပြည်ချစ်ဘုရားဟုလည်းခေါ်တွင်သော မဟာအံ့ထူးကံသာဆုတောင်းပြည့်မြတ်စွာ ဘုရားကြီးသည် ဉာဏ်တော်အမြင့် ၁၅ ပေ၊ ဒူးတော်နှစ်ဘက်အကွာအဝေး ၈ ပေ ၆ လက်မနှင့် အလေးချိန် ၁၇ တန်ခန့်ရှိပြီး ကြည်ညိုဖွယ်ရာ ထုဆစ်ပူဇော်ထားသည့် စကျင်ကျောက်ဆင်းတုရုပ်ပွါးတော်ဖြစ်သည်။

ဖြူလူသစ်(ခရိုင်/ပြန်ဆက်)