စစ်တွေ ဧပြီ ၁၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ် ၂၈/၂၀၂၃ ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ ၁၇၃ ဦး လွတ်မြောက်ကြောင်း သိရသည်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရန်နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူများအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ "နောက်တစ်ကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိသော ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်း သိရသည်။
ထို့သို့လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၁၇ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ အကျဉ်းသား ၇၆ ဦး၊ အကျဉ်းသူ ၄၈ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား ၁၅ ဦး၊ အကျဉ်းသူ ၄ ဦးနှင့် သံတွဲအကျဉ်းထောင်မှ အကျဉ်းသား ၁၃ ဦး စုစုပေါင်း ၁၇၃ ဦးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါလွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုကြကြောင်း သိရသည်။
တင်ထွန်း(စစ်တွေ)