လမ်းမ​တော်မြို့နယ်၌ သက်ကြီးဘိုဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

လမ်းမတော် ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း တစ်ရက်နေ့ မြန်မာနှစ်သစ်ကူးအခါသမယတွင် မြို့နယ်အတွင်းရှိအသက် ၈၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့ သည်။

ထိုသို့ ပူဇော်ကန်တော့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကောင်းဇော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊​ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အဘိုး၊ အဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး၊ အဘိုး အဘွား တစ်ဦးလျှင် လှူဒါန်းငွေ နှစ်သောင်းစီ၊ လှူဒါန်း ဆေးပစ္စည်းနှင့်လက်ဆောင်ပစ္စည်းများအား အဘိုးအဘွားများအားပူးဇော်ကန်တော့ခဲ့ကြသည်။

အဆိုပါ သက်ကြီး ဘိုးဘွား ပူဇော်ကန်တော့ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့် (ပြန်/ ဆက်)