မိုင်းလုံမြို့ ဆုတောင်းပြည့် မြို့မကျောင်းတိုက်တွင် သစ္စာဓမ္မသဘင် (၅)ရက် အထူးတရားစခန်း‌ အောင်ပွဲကျင်းပ

မိုင်းလုံ ဧပြီ ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ခန္တီရပ်ကွက်ရှိ ဆုတောင်းပြည့် မြို့မကျောင်းတိုက်တွင် (၁၂)ကြိမ်မြောက် သင်္ကြန်တွင်း ဝိပဿနာ အလုပ်သင်/အလုပ်ပေး  သစ္စာဓမ္မသဘင် (၅)ရက်အထူးတရားစခန်း‌အောင်ပွဲကို ယနေ့ နံနက်(၇)နာရီအချိန်ခန့်က  ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ တရားစခန်းအောင်ပွဲတွင်  မိုင်းလုံမြို့ မြို့မကျောင်းဆရာတော် ဦးသုဘောဂမှ ဩဝါဒတရား‌ဟောကြားပြီး ယောဂီသူတော်စင်များက ဩကာသဘုရားရှိခိုး ကန်တော့ချိုးဖြင့် ကန့်တော့ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ပူဇော်၍ အောင်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

အထူးတရားစခန်းကို ဧပြီလ (၁၃ ရက်မှ ၁၇ ရက်နေ့)အထိ (၅)ရက်တိတိ ဖွင့်လှစ်‌ဆောင်ရွက်ခဲ့ပြီး ရဟန်း/ရှင်၊ အမျိုးသား/အမျိုးသမီး ယောဂီ သူတော်စင်ပေါင်း (၁၈၀)ဦးတို့က တရားအားထုတ်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)