မချမ်းဘော ဧပြီ ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူ ထားသော ဝက်များအား ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဇာမဲဒီးဆားရ် က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တနိုင်တပိုင်ဝက်မွေးမြူရေး ဆောင်ရွက်လျက်ရှိသော မွေးမြူရေးတောင်သူ ၄၀ ဦးတို့၏ ဝက်ကောင်ရေ ၆၇ ကောင်အား မွေးမြူရေးခြံများအရောက် အခမဲ့ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
မချမ်းဘောမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပထမအကြိမ် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နမ်ခမ်ကျေးရွာရှိ မွေးမြူရေးတောင်သူ ၃၃ ဦး၏ ဝက်ကောင်ရေ ၅၈ ကောင်ကိုလည်းကောင်း ယခု ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို မြို့ပေါ် အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်ရှိ မွေးမြူရေးတောင်သူ ၄၀ ဦး၏ ဝက်ကောင်ရေ ၆၇ ကောင်ကိုလည်းကောင်း စုစုပေါင်း ဝက်ကောင်ရေ ၁၂၅ ကောင်အား ဝက်ဝမ်းကျရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ယောရွှေနီ(မချမ်းဘော)