မန့်ဟီးရိုးမြို့ ဧပြီ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၅ ခု တန်ခူးလဆုတ် (၁၃) ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ယနေ့နံနက် (၉ ) နာရီအချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပင့်ဖိတ်ထားသည့် ဆရာတော်များနှင့် ဧည့်ပရိတ်သတ်များမှ နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ဟိုလွမ်ကျောင်းဆရာတော်မှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမူအစုစုတို့အတွက် ဆရာတော်ကြီးများထံမှ အနုမောဒနတရားတော်နာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ဖိတ်ကြားထားသည့် ကန်တော့ခံ အသက် ၈၀ နှစ်နှင့်အထက် အဘိုး(၂၆)ဦး၊ အဘွား (၃၂) ဦးစုစုပေါင်း (၅၈)ဦးတို့အား စုပေါင်းကန်တော့ကြပြီး၊ ကန်တော့ခံပစ္စည်းများပေးအပ်ကာ သက်ကြီးဘိုးဘွားများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
အဆိုပါ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ခြင်းနှင့်သက်ကြီးပူဇော်ပွဲအခမ်းအနားအား မြို့အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊ ခမရ (၄၂၁) ဗိုလ်ကြီး စောမွန်အောင်တို့မှ ဦးဆောင်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့် ရှောက်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များစသည်ဖြင့် လူဦးရေ ၁၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မာမာအောင်(မန့်ဟီးရိုး)