ဖယ်ခုံမြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာ သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးပညာပေး သင်တန်းဆောင်ရွက်

ဖယ်ခုံ  အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ စွမ်းအားမြှင့်မီးဖိုများ (ICSP)ဖြန့်ဖြူးခြင်း ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာ သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ၀န်ထမ်း စွမ်းဆောင်ရည် မြင့်မားရေး ပညာပေးသင်တန်းကို ယနေ့နောက်ဆုံးနေ့အဖြစ် ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း Improved Cook Stoves Distribution Project in Myanmar(ICSP-Myanmar)မှ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေစွာ သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၀န်ထမ်းများအား ပညာပေး သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ပြီး ၀န်ထမ်းများမှတစ်ဆင့် ပြည်သူများထံ အသိပညာပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း နှင့်စပ်လျဉ်း၍ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးတဲ့နေရာမှာ ကျွန်မတို့ဖယ်ခုံမြို့နယ် အနေနဲ့ စွမ်းအားမြှင့်မီဖို အလုံး ၉၀၀၀ ကို အိမ်ထောင်စုပေါင်း ၉၀၀၀ ကို ဖြန့်ဝေရခြင်းဖြစ်ပါတယ်။ ပထမ Batch A အနေဆိုရင် အိမ်ထောင်စု ၄၅၀၀ ကို ဖြန့်ဝေခဲ့ပြီးတော့ ဒီနှစ်အောက်တိုဘာလမှာဆိုရင် နောက်ထပ် ၄၅၀၀ ဖြန့်ဖြူးမှာဖြစ်ပါတယ်။ နောက်ထပ် ၄၅၀၀ ဖြန့်ဖြူးတဲ့နေရာမှာ စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်းဆိုင်ရာနည်းပညာတွေကို ပြည်သူတွေသိဖို့ လိုပါတယ်။ မြို့နယ်အဆင့်မှာ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးမဲ့ ၀န်ထမ်းတွေကို ဖြန့်ဖြူးရတဲ့အကြောင်းအရင်းနဲ့ သဘာ၀ပတ်၀န်း ကျင်ဆိုင်ရာ စိုက်ပျိုးထုတ်လုပ်ဖို့ တောင်သူများအတွက် အကျိုးရှိတဲ့နည်းပညာများ ပေးရမှာ ဖြစ်တဲ့အတွက် ၀န်ထမ်းတွေကို သုံးရက်သင်တန်းပေးရခြင်းဖြစ်ပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းထက် က ပြောကြားခဲ့သည်။

ဆက်လက်၍ Betch B တွင် စွမ်းအားမြှင့်မီးဖိုများကို ကျေးရွာအုပ်စု လေးအုပ်စုမှ ကျေးရွာပေါင်း ၇၀ တွင် မီဖိုအလုံးပေါင်း ၄၅၀၀ ကို ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ Betch A တွင် ရီလုံရီကန်၊ ရီနွဲ့၊ အလယ်ကယန်း ကျေးရွာအုပ်စုများတွင် ဖြန့်ဖြူးခဲ့ပြီး Betch B တွင် လွယ်ပေါ၊ နားဟီး၊ နောင်လိုင်၊ ကုရင်ကျေးရွာအုပ်စုများတွင် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဒေါ်သင်းသင်းထက်က ပြောကြားသည်။

မြို့နယ်စိုက်ပျိုးရေး၀န်ထမ်းများအနေဖြင့် သင်တန်းပြီးဆုံးပါက ကျေးရွာအုပ်စုအလိုက် ကွင်းဆင်း၍ မီးဖိုသုံးစွဲခြင်းနည်းပညာများနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများကို ပြည်သူများသို့ ထပ်ဆင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုထွေး(ဖယ်ခုံ)