မိုင်းယု ဧပြီ ၁၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် မြန်မာ့သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆုတ် ၁၃ ရက်နေ့၊ နံနက်ပိုင်းက (၁၇)ကြိမ်မြောက် ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် (၂၁) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရကျောင်း ဆောင်၌ ပြုလုပ်ပြီး ညနေပိုင်းတွင် အန္တရာယ်ကင်းပရိတ်တရားတော်နာကြားခြင်းများကို ဒေသတွင်း ဖိတ်ကြားထားသည့် နေရာများ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပဋ္ဌာန်းပွဲကို တန်ခူးလဆုတ် ၁၂ ရက်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်တွင် သံဃာတော်အရှင်သူမြတ်များက ယင်း ဓမ္မလင်္ကာရ ကျောင်းဆောင်၌ စတင်ပဋ္ဌာန်းရွတ်ဖတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် ၉ နာရီအချိန်တွင် (၁၇)ကြိမ်မြောက် ပဋ္ဌာန်းသိမ်းအောင်ပွဲကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးနောက် (၂၁)ကြိမ်မြောက် အသက်(၇၅)နှစ်အထက် သက်ကြီးပူဇော်ပွဲကို ဆက်လက်ကျင်းပခဲ့ကြသည်။
ထို့နောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် ဆရာတော် အရှင်သူမြတ်များထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ခြင်း၊ မေတ္တာပရိတ် တရားတော်များ နာကြားခြင်း၊ အနူမောဒနာဂါ ထားတော်များ ဖတ်ကြားခြင်းများနှင့် တက်ရောက်လာကြသည့် အလှူရှင်ဥပါတကာများ ဖြစ်ကြသည့် ဌာနဆိုင်ရာများ၊ မြို့ပေါ်နှင့် တပ်ရင်းမိသားစုဝင်များ၊ စေတနာရှင်ပြည်သူများက ဆရာတော်များထံ လှူဖွယ်ဝတ္ထုတို့အား ဆက်ကပ်လှူဒါန်းခြင်းများ၊ သက်ကြီးဘိုးဘွားများကို အာဟာရမုန့်မျိုးစုံ၊ ဆေးဝါးများနှင့် အလှူငွေများ ပူဇော်ကန်တော့ခဲ့ကြခြင်းများနှင့် ဆရာတော်မှ တရားတော်များ ပြန်လည်ဟောကြားခြင်းတို့ဖြင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဆရာတော်အရှင်သူမြတ်များက မြို့အဝင်မုဒ်ဦး၊ အမှတ် (၁၀၀၈) နယ်ခြားတပ်ရင်း၊ နယ်မြေခံရဲစခန်း၊ ဌာနဆိုင်ရာရုံးများနှင့် ကျေးရွာ/ရပ်ကွက်များရှိ အဝင်မုဒ်တို့၌ နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကြိုဆိုသည့် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့၌ နှစ်သစ်ကို စိတ်သစ်ဖြင့် ဖြတ်သန်းနိုင်ရန်၊ လူမှုစီးပွားဖွံ့ဖြိုးလာစေရန်နှင့် ဘေးအန္တရာယ် ခပ်သိမ်းကင်ဝေးကြစေရန်အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များကို လိုက်လံနာကြားခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်