နေပြည်တော် ဧပြီ ၁၈
နေပြည်တော်ကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက်ပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မှုကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးဒေါ်မေမြင့်မောင် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရမထေရ်မြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ဖတ်သရဇ္ဈာယ် တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များအား နာယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးဒေါ်မေမြင့်မောင်တို့က နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရမထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချအမျှဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်း ခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)