မိုင်းရှူးမြို့တွင်သက် ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

မိုင်းရှူး ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာရှိသည့် နှစ်သစ်ကူးပြောင်းသည့် ရက်မြတ်အခါတွင် မြန်မာ့ထုံးတမ်းအစဉ်အလာမပျက် သက်ကြီးဝါကြီး အဘိုးအဘွားများအား ပူဇော်သက္ကာယပြုခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုင်းရှူးမြို့၊ ဟံသာမုနိဘုရားကြီးကျောင်း တွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဗျူဟာတပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်/အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များနှင့် ပြည်သူလူထုတို့က နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့သည်။ ထို့နောက် မြို့နယ်သာသနာရေးဦးစီဌာန၊ မြို့နယ်ဦးစီးမှူးက ပူဇော်ကန်တော့ပွဲကျင်းပရခြင်း ရည်ရွယ်ချက်တင်ပြသည်။ ဆက်လက်၍ သက်ကြီးအဘိုးအဘွားများအား လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ဘိုးဘွားတို့အား ပူဇော် ကန်တော့ခဲ့ကြသည်။

ယင်းနောက် ကန်တော့ခံသက်ကြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားသည်။ ယနေ့ကျင်းပသည့် သက်ကြီးပူဇော်ကန်တော့ပွဲတွင် အသက်(၇၅)နှစ်နှင့်အထက် အဘိုးအဘွား(၁၂၄)ဦးအား တစ်ဦးလျှင် ကျပ်တစ်သောင်းစီနှင့် မဟာဖြေဆေး ဆေးဗူးတစ်ဗူးစီ လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် အဘိုးအဘွားတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက်သွား ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)