နေပြည်တော် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မာရ်အောင်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇာဂရအရှင်သူမြတ်အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မာရ်အောင်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဇာဂရအရှင်သူမြတ်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးတင်ဦးလွင် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်ပရိတ်တရားတော်များနှင့် အနန္တရာယိကကမ္မဝါစာများကို နာယူကြည်ညိုကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့် ဇနီးဒေါ်မေမြင့်မောင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မာရ်အောင်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဇာဂရအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)