ကွမ်းခြံကုန်း ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးဘိုးဘွားများ ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကွမ်းခြံကုန်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ပူဇော်ပွဲတွင် ကွမ်းခြံကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသီဟန်ထွန်း၊ အဖွဲ့ဝင်(၂)ဦးရဲတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဘိုးအဘွားတစ်ဦးလျှင် အလှူငွေသုံးသောင်းကျပ်စီဖြင့် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၃၅)ဦးအား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၉ နာရီတွင် ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွကျေးရွာ၊ ဖလန်းဘုန်းကြီးကျောင်းရှေ့တွင် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးကုသိုလ်ကောင်းမှုတစ်ခုဖြစ်သော ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရာ ငါးလွှတ်ပွဲသို့ အမှတ်(၁)တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး ရဲကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသီဟန်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ငါးမြစ်ချင်းကောင်ရေ(၄၀၀၀)၊ ငါးခုံးမကောင်ရေ(၆၀၀၀)စုစုပေါင်း(၁၀၀၀၀)အား ကွမ်းခြံကုန်းချောင်းအတွင်းသို့ ကုသိုလ်ပြုလွှတ်ပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(IPRD)