လယ်ဝေး ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ မင်္ဂလာရှိသည့် နှစ်သစ်ကူးပြောင်းသည့် ရက်မြတ်အခါတွင် မြန်မာ့ယဥ်ကျေးမှုအစဥ်အလာနှင့်အညီ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမတွင်ကျင်းပသည်။
အခမ်းအနားတွင် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်သန္တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွားများအား ကန်တော့ချိုးဖြင့်ပူဇော်ကာ ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ကန်တော့ခံသက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးကဆုတောင်းမေတ္တာစကား ပြောကြားသည်။ ယနေ့ကျင်းပသည့် သက်ကြီးပူဇော်ပွဲတွင် အသက် ၇၅ နှစ်အထက် သက်ကြီးဘိုးဘွား ၅၀ ဦးအား တစ်ဦးလျှင် ကျပ်နှစ်သောင်းစီဖြင့် စုစုပေါင်းအလှူငွေ (၁၀)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)