ရန်ကုန် အောက်တိုဘာ ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးနှင့် မဲဆန္ဒရှင်ပြည်သူများ သိသင့်သော အချက်များ ပါဝင်သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ နံရံကပ်ပိုစတာ၊ လက်ကမ်း စာစောင်များကို မြို့နယ်အဖွဲ့ခွဲကော်မရှင်ရုံးမှ ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ ဖြန့်ဝေသော ပိုစတာလက်ကမ်းစာစောင်များတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာနှင့် ပတ်သက်၍ “မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်ဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါမပါ စစ်ဆေးပြီးပြီလား၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာပြီး ဘေးကင်းလုံခြုံစွာ မဲပေးပါ၊ အွန်လိုင်း Website မှ မဲဆန္ဒရှင် စာရင်းရှာဖွေရန် https://findyourpollingstation.uec.gov.mm တွင်ရှာ ဖွေနိုင်ခြင်း” စသည့် အချက်များ ပါဝင်ပြီး သာကေတမြို့နယ်တွင် ရှိသောရပ်ကွက်(၁၉)ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်တွင် အများပြည်သူများ သိရှိရန် ကပ်ထားဆောင်ရွက်ခဲ့သည်။ သာကေတမြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၉)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၄)ဦး၊ တိုင်းဒေသကြီး(၁)လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၈)ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၇)ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသားလူမျိူး) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း (၆)ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ကရင်တိုင်းရင်းသား လူမျိူး)တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၇)ဦး စုစုပေါင်း(၄၁)ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သာကေတ မြို့နယ်အတွင်းတွင် မဲရုံ (၂၁၁)ရုံ ထားရှိမည်ဖြစ်ကြောင်းလည်း မြို့နယ်အဖွဲ့ခွဲကော်မရှင်ရုံးမှ သိရသည်။
ကိုဘုန်း(ပြန်/ဆက်)