ပင်လောင်း အောက်တိုဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ ပြန်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများ၌ ၁၄ ရက် ကန့်သတ် နေထိုင်စေပြီး တို့ဖတ်နမူနာများရယူ၍ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ရောဂါပိုး ကင်းစင်သော နေရပ်ပြန်ပြည်သူများကို ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်များ ထုတ်ပေး၍ ယနေ့နံနက်ပိုင်းက အိမ်ပြန်ခွင့်ပြုပေးသည်။
မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက အိမ်ပြန် ခွင့်ရသော နေရပ်ပြန်ပြည်သူများကို ကိုဗစ်-၁၉ရောဂါသည် အချိန်မရွေး ကူးစက်နိုင်ကြောင်း၊ ရောဂါလက္ခဏာမပြသူများထံမှလည်း ကူးစက်နိုင်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း နေအိမ်၌ တစ်ပတ်ကြာ လိုက်နာကျင့်သုံးနေထိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ကိုဗစ်-၁၉ရောဂါကင်းစင်၍ အိမ်ပြန်ခွင့်ရသူများမှာ အ.ထ.က (၁) အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာမှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ငါးဦး နှင့် တီကျစ်၊ နောင်တရား၊ ဆောင်းပြောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများမှ စုစုပေါင်း အမျိုးသား ၁၆ ဦး ရှိကြောင်း သိရသည်။
ထွန်းလင်း (ပင်လောင်း)