သထုံအကျဉ်းထောင်မှ အကျဥ်းသား(၂၅)ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ

သထုံ     ဧပြီ     ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ် (၂၈/၂၀၂၃)အရ မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှ အကျဥ်းသား(၂၅)ဦးတို့အား ဧပြီလ ၁၇ ရက်(မြန်မာနှစ်ဆန်းတစ်ရက်နေ့)နံနက်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် အကျဥ်းသားများကို သထုံအကျဉ်းထောင် အစည်းအဝေးခန်းမ၌ သထုံခရိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုး၊ သထုံအကျဥ်းထောင်တာဝန်ခံ ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူက လွတ်ငြိမ်းခွင့်ပြုပေးသည့်ရည်ရွယ်ချက်နှင့် မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူ ပူးပေါင်းဆောင်ရွက်ပြီး အေးချမ်းစွာဆက်လက်နေထိုင်ကြရေး ဆုံးမစကားများပြောကြားခဲ့ပြီး ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ ခံဝန်လတ်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်၊ ခရီးစရိတ်နှင့် စားစရိတ်တို့ကိုထုတ်ပေးကာ မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ လွတ်ငြိမ်းခွင့်ပြုရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)