ပျဉ်းမနားမြို့၌ ဇီဝိတဒါနငှက်လွှတ်ပွဲ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲနှင့် အသက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကျင်းပ

ပျဉ်းမနား ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ မြန်မာနှစ်သစ်ကူးအချိန်အခါ၌ ပျဉ်းမနား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်ပြည်သူများမှ စုပေါင်းလှူဒါန်းသည့် ပျဉ်းမနားမြို့နယ်အတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲနှင့် ဇီဝိတဒါနငှက်လွှတ်ပွဲ အခမ်းအနားကို ဘုရားကိုးဆူစေတီတော်၌ ယနေ့နံနက် ၆ နာရီတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များက မာန်အောင်ကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တဦးပညာနန္ဒ မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဇီဝိတဒါနအဖြစ်ငှက်အကောင်ရေ ၂၀၀ကို ကုသိုလ်ပြု လွှတ်ပေးခဲ့ကြသည်။

ဆက်လက်၍ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက် ၇ နာရီတွင်  ကျင်းပပြုလုပ်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက တက်ရောက်နာယူကြည်ညိုခဲ့ကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်  မာန်အောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးပညာနန္ဒ ေမထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းလောင်း အမျှ ပေးဝေခဲ့ကြသည်။

ဆက်လက်၍ မာန်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးပညာနန္ဒ မထေရ်မြတ်နှင့် ဆရာတော်၊ သံဃာတော်များက ပျဉ်းမနားမြို့အတွင်းသို့ အန္တရာယ်ကင်း ပရိတ်တရားတော်များကို လှည့်လည်ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အသက်ကြီးဘိုးဘွား ၃၃ ဦးအား ကန်တော့ခဲ့ကြပြီး ပျဉ်းမနား ဘိုးဘွားရိပ်သာရှိ အသက်ကြီးဘိုးဘွား ၂၉ ဦး အားသွားရောက်ကန်တော့ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)