ဒလမြို့နယ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့်သက်ကြီး ဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ

ဒလ ဧပြီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ညောင်ကုန်းရပ်ကွက်ရှိ ဆုတောင်းပြည့်မဟာသင်္ကြန်ဘုရားကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဇီဝိတဒါနငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ငါးခုံးမ စုစုပေါင်းအကောင်ရေ(၁၀၀၀၀)အား ဆုတောင်းပြည့်မဟာသင်္ကြန်ဘုရားကြီး၏ ရေကန်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။

ဆက်လက်၍ နံနက်(၁၀)နာရီတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကုသိုလ်ဒါနအဖြစ် ဒလမြို့ပေါ်(၂၄)ရပ်ကွက်မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၄၈)ဦးတို့အား ပူဇော်ကန်တော့ပွဲကို သီရိဇေယျနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူးဗိုလ်မှူးအောင်စည်ဖြိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက သက်ကြီးဘိုးဘွားများအား လက်အုပ်ချီမိုးကန်တော့ကြပြီး အလှူငွေနှင့်ကန်တော့ခံပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြသည်။

ထို့နောက် ကန်တော့ခံအဘိုးအဘွားများကိုယ်စား အဘိုးဦးကျော်စိန်မှ နှစ်သစ်ကူးမင်္ဂလာ ဆုတောင်းစကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မြင့်ဇော်(ပြန်/ဆက်)