မိုင်းလုံ ဧပြီ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင် အထက်ရပ်ကွက်မှ သက်ကြီးပူဇော်ပွဲကို ယနေ့နံနက် (၁ဝ)နာရီအချိန်ခန့်က အထက်ရပ်ကွက်တွင် ကျင်းပခဲ့သည်။
အဆိုပါ သက်ကြီးပူဇော်ပွဲကို အထက်ရပ်ကွက်မှ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ အသက်(၇၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၁၅)ဦးကို အထက်ရပ်ကွက်အတွင်းရှိ တရားနာ၊ ပရိတ်ရွတ်သည့်ဇရပ်တွင် စုပေါင်းခေါ်ဆောင်၍ ဩကာသ ဘုရားရှိခိုးကန်တော့ချိုးဖြင့် ကန်တော့ကြပြီးနောက် အလှူငွေ၊ ဆပ်ပြာနှင့် ဆေးများကို လှူဒါန်းခြင်း၊ အခြားသူများက မိမိတို့၏ အစီအစဉ်ဖြင့် အလှူငွေများကိုထပ်မံ လှူဒါန်းပြီးနောက် ရပ်ကွက်နေပြည်သူများက အဘိုး၊အဘွားများကိုကင်မွန်းရည်ဖြင့်လက်ဆေးကာ နှစ်ဆန်း တစ်ရက်နေ့တွင် ကုသိုလ်ယူခဲ့ကြောင်းသိရသည်။
ပူဇော်ပွဲ မလာရောက်နိုင်သော အဘိုး၊အဘွားများကို အိမ်အရောက် သွားရောက်၍ လှူဒါန်းပေးခဲ့ကြောင်းကို အထက်ရပ်ကွက် အုပ်ချုပ်ရေးမှူးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)