ကျောက်ဆည် ဧပြီ ၁၇
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘုရား၊ ပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ငါးလွှတ်ခြင်း၊ စတုဒိသာကျွေးကုသိုလ်ပြုခြင်းနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများကို သင်္ကြန်ကာလနှင့် နှစ်ဦးရက်များတွင် နေရာရာဒေသအသီးသီးတွင် ပြုလုပ်လျက်ရှိရာ နှစ်သစ်ကူးနှစ်ဆန်း(၁)ရက်နေ့၌ ကျောက်ဆည်မြို့တွင် စတုဒိသာကျွေးကုသိုလ်ပြုသူများ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲ ပြုလုပ်မှုများနှင့် ပြည်သူများအေးချမ်းပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
စတုဒိသာကျွေးကုသိုလ်ပြုခြင်းများကို ထနောင်ပင်လှကျေးရွာနှင့် အေးမြကြည်လင်ရပ်ကွက်များ၌ ကုသိုလ်ရှင်မိသားစုများကပြုလုပ်ခဲ့ပြီး တောင်လွှဲကျေးရွာတွင် သက်ကြီးပူဇော်ပွဲကျင်းပြုလုပ်ခဲ့ကြောင်း သိရှိရကာ သက်ကြီးပူဇော်ပွဲတွင် တောင်လွှဲကျေးရွာ ရွာဦးကျောင်းဆရာတော် ဝိအဓမ္မာစရိယ ဘဒ္ဒန္တစာရကုမာဆရာတော်ထံမှ ကုသိုလ်ရှင်များနှင့်ပြည်သူများက ငါးပါးသီလခံယူဆောက်တည်ကာ အဘိုးဦးညွှန့်ရွှေနှင့် ဦးအောင်ကြီးတို့မှ မုဒိတာမေတ္တာတရားများပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇံသိန်းနှင့် လူမှုရေးအမျိုးသမီးအဖွဲ့ဝင်များ၊ အလှူရှင်များက အသက်(၈၀)နှစ်အထက် အဘိုး(၁၂)ဦး၊ အဘွား(၂၃)ဦး စုစုပေါင်း(၃၅)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၅)သောင်းခန့်တန်ဖိုးရှိ အဝတ်အထည်များ၊ တဘက်များ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာစသည့် တစ်ကိုယ်ရေသုံးပစ္စည်းများအား လက်ဝယ်အရောက် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
တောင်လွှဲကျေးရွာတွင် အိမ်ထောင်စု(၄၃၀)စုရှိပြီး ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုလုပ်ကြကြောင်းနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ကျေးရွာလူမှုရေး အမျိုးသမီးအဖွဲ့မှဦးဆောင်ကာ ပြည်သူများ၏ လှူဒါန်းမှုများဖြင့် နှစ်စဉ်နှစ်သစ်ကူးနှစ်ဆန်း(၁)ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)