တွံတေး ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၏ ကျက်သရေဆောင်ဆံတော်ခြောက်ဆူကိန်းဝပ်တော် မူသောဆံတေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏အရှေ့မြောက် တနင်္ဂနွေထောင့် ရင်ပြင်တော်၌ ( ၄၅၈)ကြိမ် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီတည်ထားပူဇော်ပွဲကိုဧပြီ ၁၇ ရက်( မြန်မာ့နှစ်ဆန်းတစ်ရက်နေ့)နံနက် ၅နာရီအချိန်ကကျင်းပခဲ့သည်။
သဲပုံစေတီပူဇော်ပွဲအတွက် နံနက် ၅ နာရီ မှစတင်ကာ လုပ်အားဒါနပြုသူများက သဲများသယ်ဆောင်ပြီး ရှမ်းလေးရွာဖြစ်သည့် ရှမ်းစုကြီး၊ ညောင်တံခါး၊ ငါးခုမ်းမစမ်း၊ မူးလမန်းရွာများက ဦးဆောင်ကာနှစ်ဦးသဲပုံစေတီတည်ထားပူဇော်ခဲ့ကြသည်။ ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီပူဇော်ပွဲကို အဆိုပါရှမ်းလေးရွာကနှစ်စဥ်ကျင်းပရာ ယခုနှစ်တွင်ရှမ်းစုကြီးကျေးရွာက ရာဇမတ်၊ မူးလမန်းကျေးရွာကဂွေငါးဂွေနှင့်ပိန္နဲတိုင်၊ ငါးခုမ်းမစမ်း ကျေးရွာကခေါင်းလောင်းနှင့် ကြာမှောက် ကြာလန်ငှက်ပျောဖူး၊ ညောင်တံခါးကျေးရွာက ထီးတော်တို့ကို ပြုလုပ်၍ စေတီတည်ထား ကြောင်းနှင့်စေတီ၏ အစိတ်အပိုင်းများကိုကျေးရွာများက နှစ်စဥ်အလှည့်ကျဆောင်ရွက်ကြရကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ရှမ်းလေးရွာ၏ရိုးရာမပျက်နှစ်ဦးသဲပုံစေတီပူဇော်ပွဲသည် (၄၅၈) ကြိမ်ရှိလာပြီ ဖြစ်ကာ ရိုးရာဓလေ့မပျောက်ပျက်စေရန်ယနေ့လူငယ်များကဆက်လက်ဆောင်ရွက်နေကြောင်း၊သဲပုဲစေတီတော်၏ အတိုင်းအတာများကို ရှမ်းစာပေယဥ်ကျေးမှုအဖွဲ့ (တွံတေး) ကသတ်မှတ်ပေးထားသည့်အတိုင်း ရှမ်းလေးရွာကပြုလုပ်ရကြောင်း၊ သဲပုံစေတီ၏ဥာဏ်တော်အမြင့်မှာ ကိုးတောင်ဖြစ်ပြီး ယခုအချိန်တွင် ရွှေဆံတော်စေတီခြေတော်ရင်း၌ ရှမ်းဓမ္မာရုံကိုတည်ဆောက်ထားကာ ရှမ်းရို ရာစာပေ၊ ယဥ်ကျေးမှုဓလေ့စရိုက်များ မပပျောက်စေရေးအတွက်နောင်လာနောက်သားများအား ရှမ်းစာပေများသင်ကြားပေးနေပြီဖြစ်ကြောင်း သဲပုံစေတီ ပူဇော်ပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦးထံမှသိရသည်။
တွံတေးသား