မချမ်းဘော့မြို့၏ အထင်ကရနေရာ ကျောက်နဂါး၌ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် လာရောက်လည်ပတ်သူများ စည်ကား

ချမ်းဘော့ ဧပြီ ၁၇

ယနေ့ကျရောက်သောနှစ်သစ်ကူးပြောင်းသည့် ၁၃၅၈ခု နှစ်မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မချမ်းဘော့မြို့၏ အထင်ကရနေရာဖြစ်သည့် သဘာဝကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမျှော်သူများ၊ သဘာဝ ကျောက်နဂါးကို လေ့လာမှတ်တမ်းတင်သူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ကျောက်နဂါးကိုလာရောက်သူများတွင် ဒေသခံပြည်သူများ သာမကရပ်နီးရပ်ဝေးမှခရီးသွား ပြည်သူများက မော်တော်ကားများဖြင့်လည်းကောင်း ဆိုင်ကယ်များဖြင့်လည်းကောင်း အဖွဲ့လိုက်လာရောက်ကြပြီး ကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ် ကြီးနှင့် အသစ်တည်ထားကိုးကွယ်တော်မူထားသော နဂါးရုံဘုရားတို့တွင် နှစ်ဦးအလှူ ကုသိုလ်အဖြစ် ပန်းဆီမီးနှင့်ရေချမ်းများကပ်လှူပူဇော်ခြင်း တရားဘာဝနာပွားများခြင်းတို့ ကုသိုလ်ပြုကြပြီးနောက် သဘာဝအလျောက်ဖြစ်ပေါ်နေသော ကျောက်နဂါးအနီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ယောရွှေနီ(မချမ်းဘော့)