လသာမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဖွင့်ပွဲ ကျင်းပ

လသာ အောက်တိုဘာ ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်မှ အထူးရဲသင်တန်းနှင့် ပတ်သက်၍ သင်တန်းသားတစ်ဦးချင်းစီတိုင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းကျင့်ဝတ်များ၊ မဲရုံလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် သင်ကြားမည့် ဘာသာရပ်များအား ကြိုးစားသင်ယူ လေ့ကျင့်ကြရန်တို့ကို ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် လူ့အခွင့်အရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေ၊ ရဲကျင့်ဝတ်၊ ရာဇသတ်ကြီးဥပဒေ၊ ရဲအက်ဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် အခြေခံစစ်ရေးပြသခြင်းတို့ကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

လသာမြို့နယ်ရှိ ရပ်ကွက်(၁၀)ရပ်ကွက်တွင် ဆန္ဒမဲပေးနိုင်မည့် မဲရုံ(၁၈)ရုံအတွက် အထူးရဲ(၁၈)ဦး ခန့်အပ်သွားမည်ဖြစ်ပြီး ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကာလဖြစ်သဖြင့် သင်တန်းကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မေသူ(ပြန်/ဆက်)