တန့်ယန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲ ကျင်းပ

တန့်ယန်း ဧပြီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကို ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီက အမှတ်(၁၀)ရပ်ကွက်ရှိ ကိုင်းကုန်းပရိယတ္တိ စာသင်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကုသလထံမှ နယ်မြေခံတပ်နယ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြကာ လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် မြို့မရပ်ကွက် (၁၀)ရပ်ကွက်ရှိ ရပ်ကွက်အသီးသီးမှ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွား စုစုပေါင်း (၁၄၉)ဦးအား နယ်မြေခံတပ်နယ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် တာဝန်ရှိသူများက အလှူရှင်များနှင့်အတူ ပူဇော်ကန်တော့ကြကာ ကန်တော့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)