တာမွေမြို့နယ်တွင် မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ

တာမွေ   ဧပြီ  ၁၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ကျင်းပသော ၁၃၈၅-ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက် (၉၅)နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များမှ မြို့နယ်အတွင်း ဘေးဥပါဒ် အန္တရာယ်ရန်အသွယ်သွယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် တာဝန်ရှိသူများက ပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည့်ဆရာတော်သံဃာတော်များအား ဝတ္ထုငွေများဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တာမွေမြို့နယ်အတွင်းရှိ အသက် (၉၅)နှစ်နှင့်အထက် အဘိုး အဘွားများအား ပူဇော်ကန်တော့ပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတသ သုံးကြိမ် ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးကိုးအောင်က အသက်(၉၅)နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပရခြင်း နှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက မြို့နယ်အတွင်းရှိ အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ရှိခိုးကန်တော့ခဲ့ကြပြီး ကန်တော့ခံ အဘိုးအဘွားများက ဆုံးမသြဝါဒစကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် တာမွေမြို့နယ်အတွင်းရှိ အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကန်တော့ခံပစ္စည်းများ အသီးသီးပေးအပ်လှူဒါန်းခဲ့သည်။ တာမွေမြို့နယ်အတွင်းရှိ အသက်(၉၅)နှစ်နှင့်အထက် အဘိုး(၁၄) ဦးနှင့် အဘွား (၄၂)ဦး စုစုပေါင်း အဘိုးအဘွား (၅၆)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှင့် ကန်တော့ခံပစ္စည်းများ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကြောင်းနှင့် အခြေအနေအကြောင်းအမျိုးမျိုး ကြောင့် ပူဇော်ကန်တော့ပွဲသို့ မလာရောက်နိုင်သည့် အဘိုးအဘွားများအား သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင် ရာရောက် ပေးအပ်လှူဒါန်းသွား မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းဝင်များ၊ ကန်တော့ခံအဘိုးအဘွားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)