မိုးမိတ်မြို့နယ်တွင် အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၆၃)ဦးအား ပူဇော်ကန်တော့ပွဲ ကျင်းပ

မိုးမိတ် ဧပြီ ၁၇  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် သာသနာ့ဗိမ္မာန်တော်ကြီး၌  အသက်(၈၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား(၁၆၃)ဦးတို့အား ပူဇော်ကန်တော့ပွဲကို မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာကြသော အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၆၃)ဦးတို့အား လက်အုပ်ချီမိုးဦးသုံးကြိမ်ချပူဇော်ကန်တော့၍ သက်ကြီးဘိုးဘွား(၁)ဦးလျှင် ထောက်ပံ့ငွေ ၃၀၀၀၀/-ကျပ်နှင့် အသုံးအဆောင်ပစ္စည်းများကို ဒုခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဘော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှေက်ရေးအဖွဲ့ဝင်များက ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသော သက်ကြီးဘိုးဘွားများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခိုင်မင်းထွန်းနှင့် ကျန်းမာရေးဆရာမများက သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့်တစ်ခြားရောဂါများ ရှိ/မရှိစစ်ဆေး၍ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။  

စည်သူဌေး(ခရိုင်ပြန်/ဆက်)