ဆီဆိုင်မြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ

ဆီဆိုင် ဧပြီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့ နံနက် ၉ နာရီက ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ရှိ အရိယာမဂ္ဂင်ဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့််ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့်အဖွဲ့ဝင်များက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ခဲ့ကြပြီး ဆီဆိုင်မြို့ပေါ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား  (၇၁)ဦးတို့အား တစ်ဦးလျှင် အလှူငွေကျပ် ၃၀၀၀၀/-နှုန်းဖြင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ပေးအပ်လှူဒါန်းရာ  သက်ကြီးဘိုးဘွားများ၏ကိုယ်စားအဘိုးတစ်ဦးမှ ဆုတောင်းမေတ္တာပို့သပေးခဲ့ကြောင်း သိရသည်။        

မျိုးမြတ်(ဆီဆိုင်)