မိုးနဲ ဧပြီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံး ကမ္ဘောဇခန်းမနေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက်နေ့ သက်ကြီးဘိုးဘွားကန်တော့ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်း၍ ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။
ရှေးဦးစွာ သြကာသကန်တော့ချိုးဖြင့် ဘုရားကန်တော့ခဲ့ကြရာ ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော်များအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက နဝကမ္မဝတ္ထုငွေများ ကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် ဖိတ်ကြားထားသော မိုးနဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အပါအဝင် သံဃာတော် (၁၄) ပါးတို့က ပရိတ်မေတ္တာ ရွတ်ဖတ်ပူဇော်ပေးခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေခြင်းတို့ကို ဧည့်ပရိသတ်များနှင့်တကွ ဆောင်ရွက်ခဲ့ကြပြီး ဆရာတော်များအား ပြန်လည်ကန်တော့ခဲ့ကြသည်။
ဆက်လက်၍ နံနက် ၉ နာရီခွဲအချိန်တွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး သြကာသကတော့ချိုးဖြင့် သက်ကြီးဘိုးဘွားများအား တိုင်တည်ကန်တော့ခြင်း၊ လှူဖွယ်ပစ္စည်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေနှင့်တာဝန်ရှိသူများက အသီးသီးဆက်ကပ်လှူဒါန်းပေးခြင်းနှင့် ဘိုးဘွားများကိုယ်စားဘိုးဘွားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားပိတ်သိမ်းခဲ့ကြကြောင်းသိရသည်။
ဇင်ကိုကို(ပြန်/ဆက်)