မာန်အောင်မြို့၌ (၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲကျင်းပ

မာန်အောင် ဧပြီ  ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့ တွင်မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ နှစ်စဥ်ကျင်းပလျက်ရှိသော အသက်(၈၅)နှစ်အထက်သက်ကြီး၊ ဘိုးဘွားများအား ပူဇော်ပွဲကို ယနေ့နံနက်၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြို့ပေါ်(၅)ရပ်ကွက်မှအသက်(၈၅)နှစ်အထက် ဘိုးဘွား(၇၇)ဦးအား တစ်ဦးလျှင်၃၀၀၀၀ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၃၁၀၀၀၀ ကို ဘိုးဘွားများအား ပူဇော်ခဲ့ကြပြီး ဘိုးဘွားများ၏ကိုယ်စား အဘိုးဦးစောညွန့် က ဆုပေးမေတ္တာ စကားပြောကြားသည်။

ယင်းနောက် သက်ကြီးဘိုးဘွားများအား မုန့်ဟင်းခါး အဟာရဖြင့်ကျွေးမွေးခဲ့​ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် ဘိုးဘွားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက် ပူဇော်ခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)