ရန်ကုန် ဧပြီ ၁၇
မြန်မာလူမျိုးတို့၏ နှစ်သစ်အခါသမယဖြစ်သည့် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့ အခါသမယတွင် စုပေါင်းကုသိုလ်အဖြစ် သက်ကြီးပူဇော်ပွဲကို ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ ပြဿာဒ်ကျောင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် ဒေါပုံမြို့နယ် သံဃာ့မဟာနာယက ဆရာတော်ဘဒ္ဒန္တဧသကပဏ္ဍိတ ဆရာတော်ဘုရားက သြဝါဒကထာများ မိန့်ကြားခဲ့ပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သခဲ့ပါသည်။ ထို့နောက် ဘိုးဘွားများအား ကန်တော့ခံပစ္စည်းများဖြင့် တစ်ဦးချင်းလှူဒါန်းခဲ့ကြရာ ဘိုးဘွားများက အသီးသီးလက်ခံရယူခဲ့ကြပါသည်။ ဒေါပုံမြို့နယ်တွင် အသက် ၉၀ နှစ်နှင့်အထက် ကန်တော့ခံသက်ကြီးဘိုးဘွား ၈၄ ဦးရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် အလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)