လားရှိုး ဧပြီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကို ရန်တိုင်းအောင် ဆုတောင်း ပြည့် မြို့ဦးစေတီပရိ၀ုဏ်၊ ဆင်းရွှေလီကဇာတ်ရုံရှိ ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ယမန်နေ့သင်္ကြန်အတက်နေ့၊ ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီမှစ၍ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်မိန့်ခွန်းနှင့် နှစ်သစ်ဆုတောင်းစကားပြောကြားရာ တွင် နှစ်သစ်ကူးအတာသင်္ကြန်ရေသဘင်ပွဲကို နှုတ်ဆက်ပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့သူ၊ မြို့သားများအားလုံးချမ်းမြေ့ပါစေ၊ ပျော်ရွှင်ပါစေ၊ ကောင်းကျိုးဝေဖြာကျက်သရေမင်္ဂလာအပေါင်းပြည့်စုံပါစေ၊ အမျိုးသားရေးကိုယ်ပိုင်လက္ခဏာများကို ကောင်းစွာ စောင့်ရှောက် ထိန်းသိမ်းနိုင်သော မျိုးဆက်သစ်လူငယ်များဖြစ်ထွန်းပေါ်ပေါက်ပါစေကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပထမဆုရရှိသည့် ပညာရေးယိမ်းအကအဖွဲ့၊ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ် ဖွဲ့ ယိမ်းအကအဖွဲ့၊ တတိယဆုရှိသည့် လားရှိုးတက္ကသိုလ်ယိမ်း အကအဖွဲ့၊ နှစ်သိမ့်ဆုများရရှိသည့် ယိမ်းအကဖွဲ့များအား ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဆုရရှိသော ယိမ်းအဖွဲ့များက ယိမ်းအကအလှများဖြင့် ပြန်လည်ဂုဏ်ပြုဖျော်ဖြေခဲ့ကြပြီး ယိမ်းအကအဖွဲ့များ၊ တက်ရောက်လာသောဌာနဆိုင်ရာများ၊ နိုင်ငံကျော်တေးသံရှင်များ၊ ဧည့်ပရိသတ်များက ‘မန်းတောင်ရိပ်ခို’ တေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေ၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
လားရှိုးမြို့တွင် ၁၃၈၄ခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ(၁၃)ရက်နေ့မှ (၁၆)ရက်နေ့ထိ ယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော်တေးသံရှင်များ၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားစွာ ကျင်းပခဲ့ပြီး ပြည်သူများက အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)