ထန်းတပင်(ရန်ကုန်) ဧပြီ ၁၇
မြန်မာ့သက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကိုယမန်နေ့ ည(၆)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ကုမုဒြာပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက နှစ်သစ်ဆုတောင်း အမှာစကားများပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယိမ်းအဖွဲ့(၁၁)ဖွဲ့နှင့် တေးဂီတအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများကိုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ယိမ်းအဖွဲ့(၁၁)ဖွဲ့တို့မှ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် အပိတ်တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့များနှင့်အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမွှေးနံသာရည်များဖြင့်ပက်ဖျန်းပေးခဲ့ကြသည်။
ထန်းတပင်မြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ် တစ်ခုနှင့် အုန်းလက်ရေကစားမဏ္ဍပ်(၁၂၃)ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြပြီး သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဗဟိုမဏ္ဍပ်ရေကစားမဏ္ဍပ်တွင်လည်း နေ့စဉ်ယိမ်းအဖွဲ့(၁၁)ဖွဲ့မှကပြဖျော်ဖြေခြင်း၊ တေးဂီ ဖျော်ဖြေပွဲများ၊ စတုဒီသာကျွေးမွေးခြင်းနှင့် ရေကစားကြသူများဖြင့် နေ့စဥ်စည်ကားလျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များတို့တွင်လည်း စေတနာအလှူရှင်များစုပေါင်း၍ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများ ဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)
ဇင်မင်းထိုက်(ထန်းတပင်)