ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲတော်ပျော်ရွှင်စွာဆင်နွှဲ၊ ဗဟိုမဏ္ဍပ်ပိတ်ပွဲ တက်ရောက်

စစ်တွေ  ဧပြီ  ၁၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ရပ်ကွက်များတွင် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲပြီး ဗဟိုမဏ္ဍပ်ပိတ်ပွဲသို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဘာကြီးလမ်း၌ ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ လမ်းမကြီးနှင့်ရပ်ကွက်အသီးသီးတွင် ပြည်သူများအတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေမှုအား လှည့်လည်ကြည့်ရှုပြီး ပြည်သူများနှင့်အတူ ရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းမကြီးတစ်လျှောက်လမ်းလျှောက်ကာ ရခိုင်ရိုးရာအစဉ်အလာအတိုင်း မဏ္ဍပ်ကြီး၊ မဏ္ဍပ်ငယ်များဖြင့် ပျော်ရွှင်စွာရေကစားနေကြသည့် ပြည်သူများ၊ လူငယ်များနှင့်အတူ ပါဝင်ရေကစားကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းလျှောက်ကာ စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှေ့ရှိ ဗဟိုမဏ္ဍပ်၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှေ့ ကျန်းမာရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်များသို့သွားရောက်ကာ လမ်းတစ်လျှောက်ရေကစားနေကြသည့် ပြည်သူများ၊ လူငယ်များနှင့်အတူ ပျော်ရွှင်စွာရေကစားပြီး နိုင်ငံကျော်အဆိုတော်များ၊ ရခိုင်အဆိုတော်များနှင့်တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုမဏ္ဍပ်တွင် နိုင်ငံကျော်အဆိုတော်များ၊ ရခိုင်အဆိုတော်ကြီးများ၊ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများသည် ရေကစားသူများနှင့်အတူ ဌာနဆိုင်ရာယိမ်းအကအဖွဲ့များနှင့် ရခိုင်အဆိုတော်များက မြနန္ဒာတေးသီချင်းဖြင့် ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြကာ စစ်တွေမြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သိရသည်။

သင်္ကြန်အတက်နေ့တွင် စစ်တွေမြို့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ စစ်တွေတပ်နယ် ရေကစားမဏ္ဍပ်နှင့် ရခိုင်ရိုးရာရေကစားမဏ္ဍပ်များတွင် နိုင်ငံကျော်အဆိုင်တော်များ ရခိုင်အဆိုတော်များ၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များနှင့် စစ်တွေတပ်နယ်မှ ယိမ်းအကအဖွဲ့များမှ လှည့်လည်ကပြသီဆိုဖျော်ဖြေလျက်ရှိရာ ရေကစားသူများ၊ ကားများဖြင့်ရေပက်ခံ ထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)