သာစည် ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက သာစည်မြို့စည်ပင်သာယာပန်းခြံရှေ့ မိတ္ထီလာ-တောင်ကြီးကားလမ်းဘေးရှိ ရွှေသာစည်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်က နှစ်သစ်ကူးနှုတ်ခွန်းဆက်ဆုမွန်ကောင်းတောင်းစကားပြောကြားသည်။ ဆက်လက်ပြီး ယိမ်းအဖွဲ့ ၇ ဖွဲ့က မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ဝေဝေခိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သင်္ကြန်ကာလအတွင်း ဖျော်ဖြေခဲ့သော ယိမ်းအဖွဲ့များ၊ တီးဝိုင်းအဖွဲ့၊ တေးသံရှင်များနှင့်စက်အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ ရေကစားသူများနှင့်ခရီးသွားပြည်သူများကို မုန့်ဟင်းခါးစတုဒိသာကျွေးခဲ့ကြောင်းသိရသည်။
“ရွှေသာစည်” ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကျနေ့၊ အကြတ်နေ့ နှင့် အတက်နေ့များတွင် စတုဒိသာကျွေးခြင်း၊ ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ တီးဝိုင်းအဖွဲ့ကတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲနှင့်ကုသိုလ်ကောင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်