တောင်ဥက္ကလာပမြို့နယ် ပိတောက်သစ္စာရေကစားမဏ္ဍပ်၌ မဟာသင်္ကြန်အတက်နေ့တွင် သင်္ကြန်ရေပက်ခံထွက်သူများနှင့် ရေကစားကြသူများဖြင့် စည်ကား

တောင်ဥက္ကလာပ ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနစ်၊ မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့ကို ယနေ့နံနက် ၉ နာရီအချိန်ကစ၍ အမှတ်(၉)ရပ်ကွက်၊ သစ္စာလမ်းမကြီးရှိ ပိတောက်သစ္စာရေကစားမဏ္ဍပ်တွင်  သင်္ကြန်ရေပက်ခံထွက်သူများနှင့် ရေကစားကြသူများ ပျော်ရွှင်စွာရေကစားကြကြောင်း သိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်တွင် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးလွင်နှင့်အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမင်းမင်းလတ်နှင့် တာဝန်ရှိသူများ၊ ဗိုလ်မှူးကြီး သက်တင်အောင်နှင့်အဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်ပရိတ်သတ်များက အနုပညာရှင်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုနှင့် ယိမ်းအဖွဲ့များ၏ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်​ ပိတောက်သစ္စာရေကစားမဏ္ဍပ်၌ သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေခြင်း၊ အနုပညာရှင်များ၏ တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေခြင်း၊ စတုဒီသာဧည့်ခံကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများလုံခြုံစွာ ရေကစားပါဝင်ဆင်နွှဲနိုင်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးတို့အတွက် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲဝင်များနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ရေကစားမဏ္ဍပ်တွင် အေးချမ်းပျော်ရွှင်စွာဖြင့် သင်္ကြန်ရေပက်ခံထွက်သူများနှင့် ရေကစားကြသူများဖြင့် စည်ကားသိုက်မြိုက်စွာ ရေကစားလျက်ရှိကြောင်း သတင်းရရှိပါသည်။

သီတာအေး(ပြန်/ဆက်)