လားရှိုး ဧပြီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်ပရိ၀ုဏ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော လျောင်းတော်မူမြတ်စွာဘုရားနှင့် ရပ်တော်မူဗုဒရုပ်ပွားတော်တို့အား ဗုဒဘိသေကအနေကဇာ တင်လှူခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၆)နာရီက ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်(၁၈)ပါးတို့က လျောင်းတော်မူမြတ်စွာဘုရားနှင့် ရပ်တော်မူဗုဒရုပ်ပွားတော်တို့အား တစ်ပြိုင်နက်တည်း ဗုဒဘိသေကအနေကဇာတင်ခြင်း၊ ဗုဒရုပ်ပွားတော်မြတ်တို့အား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ရေစက်ချမင်္ဂလာအခမ်းအနားကို အဆိုပါဘုရားပရိ၀ုဏ်အတွင်းရှိ ဆင်းရွှေလီဗိမာန်တွင် ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက လားရှိုးမြို့ မဟာဗောဓာရုံပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တနာရဒ မထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်၊ သံဃာတော်များရွတ်ပွားချီးမြှင့်သော မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်သံဃာတော်များထံမှ အနုမောဒနာတရားနာယူကြည်ညိုခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်