လင်းခေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့၌ ပြည်သူများ ပျော်ရွှင်စွာ ရေကစား

လင်းခေး ဧပြီ ၁၆

၁၃၈၄ခုနှစ်မြန်မာ့ ရိုးရာမဟာသင်္ကြန် အတက်နေ့၌ မြို့နေအများပြည်သူတို့သည် အေးချမ်းစွာဖြင့်ရေပက်ကစား၊ ဘုရားသွားကျောင်းတက်၊ သီလဥပုသ်ဆောက်တည်၊ ဒါနကုသိုလ်ပြုခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သင်္ကြန်အကြိုနေ့၌ မြို့နယ်အတွင်းရှ်ိ ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားများ အသီးသီးကျင်းပခဲ့ကြပြီး၊ ယမန်နေ့သင်္ကြန် အကြတ်နေ့နှင့်ယနေ့အတက်နေ့အထိ ဒေသနေပြည်သူများသည် ရေပက်ခံကစားခြင်း၊သင်္ကြန်ရေပက်ခလှည့်လည်ထွက်ခြင်း၊ သင်္ကြန်မဏ္ဍပ်အသီးသီး၌မြန်မာ့ ရိုးရာသင်္ကြန်ယိမ်းအကများနှင့်ရှမ်းတိုင်းရင်းသား ရိုးရာအကပဒေသာ ဖျော်ဖြေရေးအစီအစဉ် များတင်ဆက်ခြင်းနှင့် စတုဒီသာဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် စုပေါင်းဆင်နွှဲကြသည်။

လင်းခေးမြို့နယ်အနေဖြင့် မြို့တွင်းသင်္ကြန်ရေကစားဗဟိုမဏ္ဍပ်(၂)ခုဆောင်ရွက်ထားရှိပြီး၊ သင်္ကြန်အကြိုနေ့နံနက်ပိုင်းမှစတင် ၍သင်္ကြန်ယိမ်းအကအဖွဲ့(၂၆)ဖွဲ့တို့က နေ့ စဉ်(နေ့/ည)က ပြဖျော်ဖြေခဲ့ကြသည်။

ယနေ့သင်္ကြန်အတက်နေ့တွင် ဒေသခံရှမ်းလူမျိုးများနှင့်အများပြည်သူတို့က ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဆရာတော်သံဃာတော်များအား ပူဇော်ကန်တော့ခြင်း၊ သီလဥပုသ်ယူခြင်း၊ သက်ကြီးရွယ်အိုဘိုးဘွားများ၊ မိဘဆရာသမားကန်တော့ထိုက်သူများအား လှည့်လည်ကန်တော့ခြင်းအမှုတို့ကို ပြုကြပါသည်။ ၎င်းအပြင်ရေ ပက်ကစားခြင်း၊ ဒေသခံပြည်သူအချို့က ဘုရားသွားကျောင်းတက်အပြီး ပြန်လာကြသူများကို စတုဒီသာ ကျွေးမွေးခြင်းများ စုပေါင်းဆောင်ရွက်ကြခဲ့ကြကြောင်းသိရသည်။

စိုင်းဇော်လတ်